လွိုင်ကော် စက်တင်ဘာ ၂၃
ကယားပြည်နယ်အစိုးရအဖွဲ့က စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေများပေးအပ်ခြင်းနှင့် တောင်သူများအား သက်သာသောနှုန်းထားဖြင့် ယူရီးယားမြေဩဇာ ရောင်းချပေးခြင်းအခမ်းအနားကို စက်တင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပဒါးညေးကျေးရွာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ရန် အဓိက လိုအပ်ချက်များကို ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်သီးစားမှသည် သုံးသီးစားအထိတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ် သီးညှပ်များလည်းစိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ဒေသအတွင်း ပိုလျှံသည်အထိ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေးအတွက် လယ်ယာသုံးစက်ပစ္စည်းများ၊ မျိုးကောင်းမျိုးသန့်များ၊ လုပ်ငန်းအထောက်အကူပြုပစ္စည်းများ၊ ခေတ်မီနည်းစနစ်များအသုံးချနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ငန်းအဆင့်မှ ခေတ်မီနည်းပညာများအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပါက မိမိတို့၏ဝင်ငွေများလည်း တိုးတက်ရရှိမည်ဖြစ်ကြောင်း”စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းလှိုင်က စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လွိုင်ကော်မြို့နယ် လွယ်ထွဲကျေးရွာအုပ်စုမှ အစေ့ထုတ်ပြောင်းစိုက်ပျိုးသူအစုအဖွဲ့အား ထောက်ပံ့ချေးငွေနှင့် ပဒါးညေးကျေးရွာအုပ်စုမှ တောင်သူများကို ယူရီးယားမြေဩဇာများ ရောင်းချ၊ ထောက်ပံ့ပေးအပ်ခြင်းဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကပေးအပ်ကြပြီး တောင်သူအစုအဖွဲ့ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစုပေါင်းမြေဩဇာကြဲပက်ခြင်းသရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့သည်။ ယခုပေးအပ်ပွဲသည် နဝမအကြိမ်မြောက်ဖြစ်ပြီး အစုအဖွဲ့(၅)ဖွဲ့ရှိ တောင်သူ(၄၀)ဦး၏ အစေ့ထုတ်ပြောင်း (၈၈၁)ဧကအတွက် ငွေကျပ်(၁၇၆.၂)သန်းနှင့် သက်သာသောနှုန်းထားဖြင့် တောင်သူတစ်ဦးလျှင် ယူရီးယားမြေဩဇာတစ်အိတ်နှုန်းဖြင့် တောင်သူ(၂၀၀)ဦးအတွက် အိတ်(၂၀၀) အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များပံ့ပိုးကူညီပေးရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)