တောင်ငူ စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)က အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဘရွှေက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သောကိစ္စများအား ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။
ဆက်လက်၍ သင်တန်းအား တောင်ငူမြို့၊ အ.ထ.က(၁) ၌ ဖွင့်လှစ်သင်ကြားရာ သင်တန်းတွင် တောင်ငူမြို့နယ်အတွင်းရှိ သင်တန်းသား (၁၇၀)ဦးအား ခရိုင်အဆင့်စာတွေ့လက်တွေ့သင်တန်းတက်ခဲ့သော စာရင်းစစ် (၄၆)ဦးမှ နည်းပြအဖြစ်ဆောင်ရွက်ပြီး စက်တင်ဘာ (၂၂) ရက်နေ့မှ အောက်တိုဘာ (၁) ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ Tablet နည်းပညာအကူအညီကိုအသုံးပြုပြီး အိမ်ထောင်စုအလိုက် မေးခွန်းပုံစံ (၆၈)ချက်နှင့် အဖွဲ့အစည်းအလိုက် မေးခွန်းပုံစံ (၁၈)ချက်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)