ပွင့်ဖြူ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့၊ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ အားလပ်ချိန်များတွင် မိမိအတွက် အကျိုးရှိသော သုတ/ရသ စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်)နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများ၊ ကလေးငယ်များဘဝ လုံခြုံစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )