တောင်တွင်းကြီးမြို့နယ်ရှိ ငမင်တမံရေပိုလွှဲမှ (၄.၅၀)ပေ ရေကျော်ကျလျက်ရှိ

တောင်တွင်းကြီး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေ (၄)နာရီအချိန်ခန့်ကစတင်၍ မိုးများသည်းထန်စွာရွာသွန်းခဲ့သဖြင့် ငမင်တမံ ရေပိုလွှဲမှ (၄.၅၀)ပေ ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ငမင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၂)ပေဖြစ်ပြီး ယမန်နေ့ည (၁၀)နာရီအချိန် တိုင်းထွာချက်များအရ လက်ရှိရေမှတ်မှာ (၆၈၆.၅) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၄.၅၀)ပေ ရေကျော်ကျလျက်ရှိကြောင်း၊ ကန်တော်ကြီးကန်၊ ကင်ပွန်းတောင်တမံ၊ ဘန်းကုန်းတမံ၊ ရန်ပယ်တမံတို့မှ ရေကျော်ကျမှုမရှိကြောင်း၊ ငမင်တမံမှ ရေကျော်ကျမှုရှိသော်လည်း  ဆည်၏ ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ကာ ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့် (၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းထံက သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)