ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ်ဘို) နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုတွေ့ဆုံ

ဘားအံ စက်တင်ဘာ  ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စိန့်ဖရန့်စစ် ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)နှင့် ဂိုဏ်းအုပ်ဆရာတော်များအား ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ်ဘို)သည် ဘားအံကက်သလစ်ဂိုဏ်းအုပ် သာသနာပိုင်ဆရာတော်ကြီး၏ အရိုက်အရာကိုဆက်ခံမည့် ဆရာတော် Msgr.Stanislaus Min Ko(စတန်းနစ်စလော့မင်းကို)၏ သိက္ခာခံယူခြင်း အထိမ်းအမှတ်အခမ်းအနားသို့ လာရောက်ခြင်းဖြစ်ပြီး ဂါရဝပြုတွေ့ဆုံရာ၌ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဘာသာကြီး(၄)ခုနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆရာတော်ကြီးများ၏ အကြံဉာဏ်ကိုရယူ၍ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုအားနည်းသည့်အတွက်ကြောင့် ယာယီနေရပ်စွန့်ခွာကြရသူများအား ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ငြိမ်းချမ်းရေးရှိမှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆုတောင်းမေတ္တာများ ပို့သပေးကြစေလိုကြောင်း၊ ငြိမ်းချမ်းရေးရရှိပြီး သဘာဝဘေးကင်းဝေးစေရန်၊ ငြိမ်းချမ်းသာယာသည့် လူ့ဘောင်သစ်ကြီး ပေါ်ပေါက်လာစေရန် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပြီး အားနည်းချက်၊ အားသာချက်များကိုလည်း ဝေဖန်ထောက်ပြအကြံပြု ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆရာတော် Msgr.Stanislaus Min Ko(စတန်းနစ်စလော့မင်းကို)က ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ပြည်နယ်သူ၊ပြည်နယ်သားအားလုံး ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာဝပြောခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်မေတ္တာပို့သပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို)က စစ်မှန်သော ငြိမ်းချမ်းရေးကိုရရှိပြီး ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအလုံးစုံအဆင်ပြေချောမွေ့ကာ ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝကြပါစေကြောင်း  ဆုတောင်းမေတ္တာပို့သသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံကက်သလစ်ဂိုဏ်းအုပ် သာသနာပိုင်ဆရာတော်ကြီး ဂျပ်စတင်းစောမင်းသိုက်၊ အရိုက်အရာကိုဆက်ခံမည့်ဆရာတော် Msgr.Stanislaus Min Ko(စတန်းနစ်စလော့မင်းကို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ H.E. Cardinal Charles Bo(ကာဒီနယ် ချားလ်စ် ဘို) နှင့် လက်ထောက်ဆရာတော် ဖာသာရ်နိုအယ်စောနောအေးတို့အား ဂါရဝပြုလက်ဆောင်၊ ဆန်၊ ဆီ အစရှိသော စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေ(၁၀)သိန်းကျပ်တို့အား ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးများက ငြိမ်းချမ်းရေး ဆုမွန်ကောင်းစကားများ ပြောကြားကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)