မကွေး စက်တင်ဘာ ၂၂
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ မကွေးတက္ကသိုလ်ရှိ ရေနံသာအဆောင်တွင် ကြိုတင်လေ့ကျင့်နေမှုအား ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ ကြိုတင်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအား မြန်မာရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (ဗဟို)အဆင့်တွင် တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင်မျိုးဆက်သစ်များကို စနစ်တကျရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း၊ အနုပညာ အရည်အသွေး ပြည့်ဝစေရန် ပြိုင်ပွဲဝင်များအား သက်ဆိုင်ရာ ဘာသာရပ်နည်းပြများဖြင့် အနီးကပ် သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ထက်သာလွန်သည့် အောင်မြင်မှုများနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးရရှိစေရေး ကြိုးစားယှဉ်ပြိုင်ကြစေရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲက ဂုဏ်ပြုဆုများ ထိုက်တန်စွာ ထပ်မံချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။
အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကို ပြည်သူများ အမျိုးဂုဏ် ၊ ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ကျင်းပသွားမည်ဖြစ်ကာ ဗဟိုအဆင့်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် အဆိုဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၁၁)ဦး၊ အကဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၄၄)ဦး၊ အရေးဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင်(၄)ဦး၊ အတီးဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင်(၃၀)ဦး စုစုပေါင်း(၈၉)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)