ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ စာဖတ်ဝိုင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပေါင်းတည် စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book  Club အဖွဲ့က စာဖတ်ဝိုင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ဦးစွာ Book Club အကျိုးတော်ဆောင်နာယက ဆရာတော် သျှင်သုမနက အဖွင့်အမှာစကား မိန့်ကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ဆုရည်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ Book Club ဥက္ကဋ္ဌ ဦးစိန်မောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့အသင်းဝင်များက စာရေးဆရာမ မြနှင်းရည်ရှိန် ဘာသာပြန်ရေးသားထားသော အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့ စာအုပ်ကို ခေါင်းစဉ်ခွဲများအလိုက် အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။

ယင်းနောက် အဖွဲ့လုပ်ငန်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ကျောင်းသူ လူငယ်လေးများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးတို့အတွက် စာဖတ်စွမ်းရည်၊ ကျပန်းစကားပြော၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များတွင် ပညာရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပပြုလုပ်နိုင်ရေးနှင့် အမှတ်တရလက်ဆောင်များ၊ ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးကြရာ Book Clubဥက္ကဋ္ဌနှင့် အဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက် )