ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားတော်ပဲသီးနှံ ၃၁၈၅ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌လာမည့်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် စားတော်ပဲ သီးနှံစိုက်ဧက ၃၁၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

"ယခုလာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ပဲမျိုးစုံသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး စားတော်ပဲသီးနှံစိုက်ဧက ၃၁၈၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဆောင်းသီးနှံ စားတော်ပဲကို ဒေသခံတောင်သူတွေက နိုဝင်ဘာလမှာ စတင်စိုက်ပျိုးသွားမှာဖြစ်ပြီး လျာထားဧက ပြည့်မီအောင် စိုက်ပျိုးဖို့ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက်ကိုလည်း ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးဖို့ ၊ စိုက်နည်းစနစ်တွေ မှန်ကန်ဖို့နဲ့ ပိုးမွှားကျရောက်မှုတွေ မဖြစ်စေဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စားတော်ပဲသီးနှံ ဟာဆိုရင် ပြည်တွင်း စားသုံးမှုများတဲ့ သီးနှံဖြစ်လို့ ဈေးကွက်ရှိပြီး တောင်သူတွေအတွက် သီးနှံဝင်ငွေလဲ တွက်ခြေကိုက်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် စားတော်ပဲ သီးနှံအပါအဝင် ကုလားပဲ ၊ ထောပတ်ပဲ ၊ မတ်ပဲ ၊ ပဲကြီး ၊ ပဲလွမ်း ၊ ပဲကြား ၊ ပဲနောက် ၊ ပဲယင်း ၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံ ၄၁၈၀၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )