ကျုံပျော် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး(RS-CS) မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းဓာတ်မြေဩဇာ ကြဲပက်ပွဲကို မြေရဲတောင်အုပ်စု၊ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်း၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊ မြေရဲမြောက်နှင့် မြေရဲတောင်ကွင်းမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသည့် စပါးဖြုတ်ပိုးအမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်းနည်း လက်ကမ်းစာစောင်အား တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ခင်းအတွင်းသို့ ကြဲပက်ရန် ဓာတ်မြေဩဇာ အချိုးအစား ရောစပ်ပုံကို တက်ရောက်လာသည့် တောင်သူများအား လက်တွေ့ပြသပြီး၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် အတွင်း စိုက်ပျိုးထားသည့် YKQR – 01 ၊ GW – 11၊ YQR – 12 ၊ ဆင်းသုခနှင့် မှော်ဘီ - ၃ စပါးခင်းများ အတွင်းသို့ ဓာတ်မြေဩဇာများအား စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)