အိမ်မဲ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသောအသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စက်တင်ဘာလ(၂၃)ရက်နေ့တွင် အ.ထ.က(၁)ကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ယနေ့နံနက်ပိုင်းက ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် လူငယ်စကားဝိုင်း၊ စာပေဟောပြောပွဲ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်း၊ ထူးချွန်ထင်ရှားမြောင်းမြခရိုင်သားများပြခန်း၊ စိုက်ပျိုးရေးနှင့်မွေး/ကုပြခန်း၊ မီးသတ်နှင့်ကြက်ခြေနီပြခန်း၊ ကျန်းမာရေးပြခန်း၊ ရဲတပ်ဖွဲ့ပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်းများနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်/အရုပ်ဆက်ပြိုင်ပွဲ၊ စာအုပ်ရွက်သယ်ပြိုင်ပွဲ၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲများပါဝင်ပြီး အဆိုပါပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်သောကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)