မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ ယနေ့ နံနက် ၉ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်သည် ( ၆၈၅)ပေဖြစ်ပြီး လက်ရှိရေ အမှတ်မှာ ( ၆၈၇ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ (၂ပေ)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၆၂၆ဒသမ၇၀ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ (၁ဒသမ၇ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ဒသမ ၅၀ပေ)ဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၅၆၁ဒသမ၃၀ပေ)ရှိသည့်အတွက် ရေပိုလွှဲမှ(သုညဒသမ၈ပေ) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ ဆည်အခြေအနေနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ် အခြေအနေအဆင့် (၁)အဖြစ် အစိမ်းရောင် အလံများလွှင့်ထူကာ အသိ​ပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)