ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ(B.O.T)စာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ (B.O.T) စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးအတွက် မင်္ဂလာရှိသည့်နေ့ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းသည် ကညင်ရေလှောင်တမံမှ သိုလှောင်ထားသည့်ရေများကို အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ မိုးရာသီတွင် ရေကို လုံလောက်စွာဖြင့် အသုံးချထုတ်လုပ်နိုင်မည်ဖြစ်ပြီး နွေရာသီတွင် ဆည်ရေသောက်စိုက်ပျိုးမြေများအတွက်ပေးဝေသည့် ဆည်ရေကိုထိန်းသိမ်းအသုံးချ ထုတ်လုပ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်သည့်အတွက် များစွာအကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဆည်ရေကိုအသုံးချ၍ ရေအားလျှပ်စစ် ထုတ်လုပ်မည့်အပြင် ဆိုလာစနစ်ဖြင့်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် လိုအပ်သည့် လျှပ်စစ်ပမာဏကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ဆက်လက်၍ သယံဇာတရေးရာဝန်ကြီးနှင့် ကညင်ဟိုက်ဒရိုပါ ဝါကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတို့က ကုမ္ပဏီဆိုင်ရာ အချက်အလက်များနှင့် ရေအား လျှပ်စစ် ၁၀.၅ မဂ္ဂါဝပ်ထုတ်လုပ်မှုအခြေအနေများ၊ ဆက်လက်၍ ဆိုလာပါဝါစနစ်ဖြင့် ၂၀ မဂ္ဂါဝပ်ထုတ်လုပ်မည့်စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလိမိတက်တို့အကြား“ ကညင်ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း” တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူ(B.O.T)စာချုပ်အား တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)