ပုသိမ် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ရာဂီမုန်တိုင်းမတိုင်မီ ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်း ဖြစ်စဉ်များကြောင့် စိုက်ဧကများ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်အစားထိုးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မြစ်ရေကြီးမှုများနှင့် မြစ်ရေတိုက်စားမှုကြောင့် တာတမံများကျိုးပေါက်ခြင်းများမရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာပြည်အလယ်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းသည် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီး၏ အထက်ပိုင်း မြန်အောင်ခရိုင်ရှိ နေရာအချို့တွင်လည်း ထိခိုက်မှုများ ရှိခဲ့ပါကြောင်း၊ သဘာဝဘေးဖြစ်လာပါက အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ဘေးသင့်ပြည်သူများအတွက် စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့သည့် အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း”အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များ၊ ကုမ္ပဏီများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေ (၃၅၂၂)သိန်းကျော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက စေတနာထက်သန်စွာ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)