ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခုလ (၂၀)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စိုက်ပျိုးရေးနှင့် ပတ်သက်ပါက ရည်မှန်းချက် ပေးထားသည့် ကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သည့် သည့်ခရိုင်များရှိသကဲ့သို့ ရည်မှန်းချက်ပြည့်မီစေရး ဆောင်ရွက်နေသည့် ခရိုင်များလည်းရှိပါကြောင်း၊ ရည်မှန်းချက်ပေးထားသည့် ကိစ္စရပ်များအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက အလေးထားလိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ဆီဖူလုံရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးမည့် အထူးဇုန် နှစ်ဇုန်သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နေကြာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ပိုမိုဖြစ်ထွန်းအောင်မြင်အောင် အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှုတာဝန်ခံမှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ဧကများ၌ မိုးစပါး ပြန်လည်ဖြည့်တင်းစိုက်ပျိုးရာတွင် အမြန်ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး တွန်းတွန်းတိုက်တိုက် ကြပ်မတ်ဆောင်ရွက်စိုက်ပျိုးရန် လိုပါကြောင်းနှင့် တောင်သူများ၏ တင်ပြချက်များကိုလည်း အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်၊ပျက်စီးမှုများအား ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှု၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးအထွက်နှုန်း ကြိုတင်ခန့်မှန်းချက်၊ ပျက်စီးသွားသည့် နစ်မြုပ်ဆဲ၊ ပြန်ပေါ်၊ ပျင်စီးဧရိယာများအပေါ် ရာသီချိန်မီပြန်လည်စိုက်ပျိုးမည့် မိုးစပါးနှင့် ရေပြန်ကျသွားသည့်အချိန်ပေါ်မူတည်၍ ဆက်လက်စိုက်ပျိုးမည့် နွေစပါးနှင့်ဆောင်းသီးနှံ လျာထားအခြေအနေ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်မည့် အစီအစဉ်များနှင့် ၂၀၃၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရန်အတွက် ဓာတ်မြေဩဇာ လိုအပ်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)