အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အိမ်မဲ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကန်ကြီးဒေါင့်ကျေးရွာတွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကန်ကြီးဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ စုစုပေါင်း (၃၅) ဦးက အိမ်မဲ-ကန်ကြီးဒေါင့် ဆက်သွယ်ရေးကားလမ်းဘေးတွင် ကျွန်းပင်၊ ပျဥ်းကတိုးပင်၊ မန်ဂျန်ရှားပင် စုစုပေါင်းအပင် (၁၀၀) တို့ကိုတစ်ပြိုင်တည်း စိုက်ပျိုးပေးခဲ့ကြသည်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုညီညွတ်မျှတစေရေး၊ အရိပ်အာဝါသနဲ့ မျက်စိပဒါသအကျိုးများရရှိစေရေး၊ ဒေသခံပြည်သူများက သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေ့အကျင့်များ တိုးပွားလာစေရေးစတဲ့ ရည်ရွယ်ချက်များနဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” အိမ်မဲမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ် တာဝန်ခံတောအုပ် ဦးအောင်မျိုးပိုင်ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)