ဇီးကုန်းမြို့နယ်တွင် ရေဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

ဇီးကုန်း စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနတွင် လေ့ကျင်ပြုလုပ်ခဲ့သည်။

ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်ဦး ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်‌ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်လူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများ၊ ရေကြီးလာပါက နီးစပ်ရာအရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြသည်။

အဆိုပါ ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပရဟိတအဖွဲ့များမှ ကြည့်ရှုအားပေးခဲ့ပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများအား အသံချဲ့စက်ဖြင့် ကျေးလက်မြို့ရွာအနှံ့ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)