မိုးညို စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအုပ်စုနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သာယာကုန်းအုပ်စုရှိ အ.ထ.က(တောင်ဇင်း)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၏ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦး အောင်ဇော်မိုးနှင့် ဝန်ထမ်းများက အ.ထ.က (တောင်ဇင်း) ကျောင်းရှိ အသက် (၁၀) နှစ်ပြည့်သော ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ကျန်ရှိသော အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လူတိုင်း ကိုင်ဆောင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ကွင်းဆင်း၍လည်းကောင်း၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)