ပွင့်ဖြူ စက်တင်ဘာ ၂၂
ကျေးလက်တောရွာများတွင် ချစ်စရာ့ဓလေ့နှင့်ရိုးရာယဉ်ကျေးမှုများ၊ သဘာဝအလှအပများနှင့် ယဉ်ကျေးမှု အနုပညာလက်ရာများမှာ များစွာတည်ရှိပေရာ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော်မှ ယနေ့တိုင် ဆံကေသာ ဆံရစ်ဝိုင်းပုံကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းခဲ့သော ကျေးရွာဖြစ်ပြီး မိန်းကလေးများနည်းတူ ယောက်ျားလေးများပါ ထားရှိကြသည်။
ထိုရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ဖော်ဆောင်ပြသထားသော ကျေးလက်တောရွာများမှ မောင်၊ မယ်လေးများ၏ ဆံရစ်ဝိုင်းပုံ ဆံပင်ပုံစံသည် ယဉ်ကျေးသိမ်မွေ့၍ ကျက်သရေရှိကာ နှစ်လိုဖွယ်ရာကောင်းပြီး မြင်သူတကာတို့၏ စိတ်ဘဝင်ကို ကြည်နူးစေသောကြောင့် ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ပုံစံမျိုးဖြစ်ပေသည်။ ထိုကဲ့သို့ ရှေးခေတ်ယဉ်ကျေးမှုများကို ဖော်ကျူးပြသနေသော ဆံပင်ပုံစံနှင့်လျော်ညီသည့် ဆံရစ်ဝိုင်းအလှကို ပိုင်ဆိုင်ထားသူများမှာ ရှားရှားပါးပါး မြန်မာနိုင်ငံတွင် ကျေးရွာသုံးရွာသာရှိပြီး မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စက်စက်ယိုကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ မောင်၊ မယ်လေးများပင်ဖြစ်သည်။
ဓမ္မပဒ အဂ္ဂကထာ(၄) ပုဗ္ဗဝင်္ဂ ဝိသာခါသတ္ထုအဆိုအရ ကောင်းခြင်းငါးဖြာဟူသည် ဆံပင်၏ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုး၏ကောင်ခြင်း၊ အရေ၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်းဟူ၍ ကောင်းချင်းငါးဖြာရှိပေရာ ဆံပင်၏ ကောင်းချင်းသည်လည်း အလွန်ဂုဏ်ယူဖွယ်ရာ ကောင်းလှပေရာ ဆံကေသာအလှကို ယောက်ျားတို့ဘုန်း လက်ရုန်း၊ မိန်းမတို့ဘုန်း ဆံထုံးဟူ၍ပင် ညွှန်းဆိုထားကြပြန်သည်။ ဆံရစ်ဝိုင်းအလှသည် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာချပြနိုင်လောက်သော အလှတရားများဖြစ်သကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တာကြောင့် တန်ဖိုးထားပြီး မပျောက်မပျက်၊ မတိမ်ကောရလေအောင် ယနေ့ခေတ် မောင်၊ မယ်လေးများက ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းရေးသားလိုက်ရပေတော့သည်။
ဇေယျာထက်(မင်းဘူး)