ကန့်ဘလူခရိုင်၌ သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြား

ကန့်ဘလူ စက်တင်ဘာ ၂၂

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့ထိ နိုင်ငံတဝန်းလုံးတွင် တစ်ပြိုင်တည်းကောက်ယူမည်ဖြစ်ရာ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ် ၊စာရင်းကောက်သင်တန်းများကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရင်နေ့အထိ ၁၂ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ” ကျွန်တော်တို့၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူတဲ့နေရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။ ဒီသင်တန်းဖွင့်လှစ်မှု ကသာလျှင် ကျွန်တော်တို့ အောက် တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့ထိ ကောက်တဲ့ သန်းခေါင်စာရင်းကို အောင်အောင်မြင်မြင်နဲ့ ကောက်ယူနိုင်မှာဖြစ်ပါတယ်။ နည်းပညာအသစ်တွေလည်း ပေါ်လာတယ်၊ ဒါကြောင့်မို့ သင်ကြားတဲ့နေရာမှာ သင်တန်း နည်းပြတွေက တိတိကျကျ သေချသိရှိနားလည်အောင် သင်ကြားပေးမှသာ ကျွန်တော်တို့က မြေပြင် ကွင်းဆင်းကောက်ယူတဲ့နေရာမှာ အားလုံးဟာ တိတိကျကျနဲ့ အဆင်ပြေ ချောမွေ့ပြီးတော့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ” ဟု ပြောသည်။

အဆိုပါ သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များသည် နိုင်ငံအတွင်းရှိပြည်သူ များ၏ အသက်အပိုင်းအခြားအလိုက်၊ ကျား၊မ အလိုက် လူဦးရေများကို ရရှိနိုင်သလို လူမှုစီးပွားရေးဆိုင် ရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် အချက်အလက်တွေ၊ အိမ်အကြောင်းအရာတွေကိုလည်း ရရှိနိုင်မှာဖြစ်ပြီး အလွန်အရေးကြီးသည့် လုပ်ငန်းစဥ်လည်းဖြစ်သည်။ နိုင်ငံ၏လူဦးရေ အခြေအနေတွေ၊ နေထိုင်မှုပုံစံတွေကို တိတိကျကျ သိရှိနိုင်မှာဖြစ်၍ ယင်းအချက်အလက်များကို အသုံးပြုပြီး နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာ ၁ ရက် စာရင်းကောက်ယူရာတွင် ကန့်ဘလူခရိုင်အတွင်းရှိ ကျွန်းလှမြို့နယ်တွင် စာရင်းကောက်ကွက်ပေါင်း ၅၈ ကွက်တို့၌ စာရင်းစစ်/စာရင်းကောက် ၂၇ ဦးတို့ကလည်းကောင်း၊ ကန့်ဘလူမြို့နယ်တွင် စာရင်းစစ်/စာရင်းကောက် ၃၉ ဦးတို့ကလည်းကောင်း စနစ်တကျ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)