ဖျာပုံ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၁၂) ရပ်ကွက်၊ ဒုတိယလမ်းရှိ PARADISO အဆင့်မြင့် ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ည (၉)နာရီ အချိန်ခန့်က အလျား (၅၀)ပေ၊ (၁၀) လက်မ၊ အနံ (၇၄) ပေ၊ အမြင့် (၂၄) ပေရှိ ထိုင်ခုံ (၃၀၆)လုံးဆံ့ RC တစ်ထပ်တိုက်အမျိုးအစား ရုပ်ရှင်ရုံတွင် ဝါယာရှော့ဖြစ်ပွား၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ PARADISO အဆင့် မြင့်ရုပ်ရှင်ရုံမန်နေဂျာ ဦးအောင်ကိုမင်း သည် ပြသချိန်ပြီးဆုံး၍ ပြင်ပသို့ ရောက်ရှိချိန်တွင် ဒုမန်နေဂျာ ပြည်စုံအောင်(၂၈)နှစ်၊ (ဘ)ဦးသန်းဌေး၊ ၁၄/ဖပန(နိုင်) ၂၁၈၆၁၉၊ မာလာမြိုင်လမ်း၊ (၁၂)ရပ်ကွက်၊ ဖျာပုံမြို့နေသူအား အစောင့်ထားရှိစဉ် CCTV Adaptor အပူလွန်ကဲရာမှ Sound Proof ပြုလုပ်ထားသည့် ရေမြှုပ်ဆိုဖာများသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လေးနှင့် တပ်ဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဖျာပုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ် (၅)စီးတို့နှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၉)နာရီ (၂၅)မိနစ် ချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ဆိုဖာထိုင်ခုံ(၂၀၀)လုံး၊ Sound Proof ပြုလုပ်ထားသည့် (၂)လက်မခွဲအထူ (၄x၈)ပေ ရေမြှုပ်ဆိုဖာ(၇၈)ချပ်၊ အမိုးသွပ်များနှင့် အကာသွပ်များ မီးလောင် ကျွမ်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း၊ မီးလောင်မှုကြောင့် မီးပေါ့ဆသူ ဒုမန်နေဂျာ ပြည့်စုံအောင်(ဘ)ဦးသန်းဌေး အား ဥပဒေအရ အရေးယူ
နိုင်ရန် စက်တင်ဘာလ ၂၁ ရက် (၂၃း၅၀ )ချိန်တွင် ဖျာပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်လွင်မှ တရားလိုပြုလုပ်တိုင်တန်းရာ ဖျာပုံမြို့မ ရဲစခန်းမှ (ပ) ၁၂၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ၂၃၅၅ ချိန်တွင် အမှုဖွင့်၍ အမှုစစ် ဒုရဲအုပ် ဝင်းဇော်အောင်မှ ဆောင်ရွက်ကာ အမှုမှ တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)