ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်

ဘားအံ စက်တင်ဘာ ၂၂

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမ စေတနာရှင် အလှူရှင်ပေါင်း နှစ်ရာကျော်က စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းပေးကြသည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင် စံချိန်တင်ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ကြိုတင်ပြင်ဆင်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သော်လည်း လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုများ၊ စိုက်ပျိုးပြီး မိုးစပါးနှင့် မိုးသီးနှံထိခိုက်ပျက်စီးမှုများ၊ လမ်း၊တံတားအခြေခံအဆောက်အဦများ ထိခိုက်မှုရှိခဲ့ကာ ပြန်လည်ထူထောင်ရေးအပိုင်းကို လုပ်ကိုင်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းကူညီပေးကြသည့်အတွက် အလွန်မွန်မြတ်လှပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအပါအဝင် တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း လာရောက်လှူဒါန်းကြသည့် စေတနာရှင်၊ အလှူရှင်ပေါင်း ၂၄၆ ဦးမှ ရေဘေးသင့်ပြည်သူများ အတွက် ပေးအပ်လှူဒါန်းသည့် စုစုပေါင်းငွေကျပ် (ရှစ်ထောင်တစ်ရာလေးဆယ့်ငါးသိန်း)ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အလှူရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)