ဘားအံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းနှင့် အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ဘားအံ-ထုံး အိုင်ကားလမ်းမကြီးတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ ဌာနဆိုင်ရာများရှိ ယာဉ်၊ ယန္တရားများနှင့် စက်ကိရိယာများ အသုံးပြုပြီး ရေကြီးရေလျှံမှု ဖြစ်ပွားပြီးချိန်၊ ရေများပြန်လည် ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့် သဲနှုန်းများအားဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်စင်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်၏ မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော Green City, Clean City ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်းအခြေခံပညာကျောင်းပေါင်း ၁၅၀ ကျောင်း ပိတ်ခဲ့ရပြီး ယနေ့ထိ ၁၁၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၃၆ ကျောင်းဖွင့်လှစ်ရန် ကျန်ရှိနေသည့်အတွက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း(ခွဲ)တို့တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ တင်ကျန်ရစ်သည့် နှုန်းမြေများ၊ သစ်ပင်သစ်ကိုင်းများ၊ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ဆေးကြောသန့်စင်ခြင်း၊ ရေစီး ရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အဆိုပါ ကျောင်းများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေး၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ကျောင်းပရိဝုဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကျောင်းနေပျော်၍ ပညာတော်သော ကျောင်းသား၊ကျောင်းသူများ ဖြစ်စေရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ် ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)