တောင်ငူမြို့၌ ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

တောင်ငူ စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုဆွေဝင်းက အမှာစကား ပြောကြားရာတွင် “ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေကြီးမှုဖြစ်ပွားခဲ့ကာ တောင်ငူခရိုင် အတွင်းရှိ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်၍ အိမ်ထောင်စု (၁၈၆၄၇)စု၊ လူဦးရေ (၇၂၄၉၄)ဦးတို့အား ရေဘေးရှောင်စခန်း (၁၄၁)ခုသို့ လည်းကောင်း၊ အိမ်ထောင်စု (၇၀၅၂)စု၊ လူဦးရေ (၂၉၆၉၁)ဦးတို့အား ဆွေမျိုးမိသားစု နေအိမ်များသို့လည်းကောင်း၊ စုစုပေါင်းလူဦးရေ (၁၀၂၁၈၅)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းနှင့် အလှူရှင်များ၏ လှူဒါန်းပေးမှုများအား ကျေးဇူးတင်ရှိပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့က အလှူရှင်များက လှူဒါန်းသည့် အလှူတော်ငွေနှင့် ပစ္စည်းမျိုးစုံ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၂၅၁၀၀၀၀)ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ အဆိုပါအလှူရှင်များ၏ လှူဒါန်းငွေကျပ် (၅၈၂၅၁၀၀၀၀)တွင် CB ဘဏ်မှ ဒန်အိုး၊ ဒန်ခွက်၊ ပစ္စည်းတန်ဖိုးငွေကျပ် (၄၁၅)သိန်း ပါဝင်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)