လွိုင်ကော် စက်တင်ဘာ ၂၁
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က သီရိမင်္ဂလာတောင်ကွဲစေတီတော်မြတ်သို့ ရောက်ရှိကာ စေတီတော်ပုရိဝုဏ်တဝိုက် လှည့်လည်ကြည့်ရှုပြီး ဝန်ကြီးချုပ်က “ယခုနှစ်ပွင့်လင်းရာသီမှစတင်ပြီး တောင်ကွဲစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး၊ အာရုံခံတန်းဆောင်းများ၊ ဇရပ်များ၊ နားနေဆောင်များစသည်တို့ကို ဘက်စုံပြုပြင်မွန်းမံရေး၊ ဓါတ်လှေကားအား မီးပျက်ပါက မီးစက်ဖြင့်အသုံးပြုနိုင်ရေး၊ တောင်ကွဲစေတီတော် တောင်တော်ပုရိဝုဏ်အား သန့်ရှင်းသာယာလှပရေး” စသည်တို့ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့သည်။ ဆက်လက်၍ မိုးကောင်းဘုရားကြီးနှင့် မနောမယရန်အေးငြိမ်းစေတီတော်သို့ ရောက်ရှိပြီး သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဝန်ကြီးချုပ်က “လျောင်းတော်မူဘုရားကြီးအား သင်္ကန်းအသစ်ကပ်လှူရေးနှင့် ရုပ်ပွားတော်အား ရေဆေးမွမ်းမံပူဇော်ရေး၊ တန်းဆောင်းအားပြုပြင်မွမ်းမံရေး” ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်နှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း သီရိမင်္ဂလာဈေးအတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေမှုအခြေ အနေများအား လှည့်လည်ကြည့်ရှုကာ ဝန်ကြီးချုပ်က “ပြည်သူများ စိတ်အေး ချမ်းသာယာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးအား နေ့စဉ်ဖွင့်လှစ်ပေးနိုင်ရေး၊ ဈေးပတ်ဝန်းကျင်တွင် ရေကြီးရေလျှံမှုအတွက် ရေထိန်းနေရာများပြုလုပ်ရေးနှင့် အဝင်အထွက်လမ်းများ ကောင်းမွန်ရေး ပြုပြင်သွားရန်”တို့ကို မှာကြားသည်။ ဆက်လက်၍ ကန္ဒရဝတီတံတား ရေကျော်နေမှုနှင့် ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုပြီး ဝန်ကြီးချုပ်က “ပြည်သူများ ရေလွတ်ရာလမ်းများမှ အဆင်ပြေစွာသွားလာနိုင်ရေး လမ်းညွှန်အမှတ်အသားများ ဆောင်ရွက်ပေးရန်” တို့ကို မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်နှင့် သာသနာ့ဗိမာန်တော်ကြီးတို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအတွက် ချက်ပြုတ်ကျွေးမွေးနေသည့်နေရာများအား လှည့်လည်ကြည့်ရှုပြီး ဝန်ကြီးချုပ်က “သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ ဖြစ်စေရေး၊ စွန့်ပစ်ပစ္စည်းများအား စနစ်တကျဆောင်ရွက်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ကြိုတင်ဆောင်ရွက်ရေး၊ အလှူရှင်များက လှူဒါန်းသည့်ပစ္စည်းများအား ရေဘေးသင့်ပြည်သူများ မျှတစွာရရှိရေး” စသည်တို့ကို ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)