ငရုတ်ကောင်းမြို့၊ အ-လ-က (ရေကျော်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ငရုတ်ကောင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ အ-လ-က (ရေကျော်) စာသင်ကျောင်းတွင် ယနေနေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ အ-လ-က (ရေကျော်) ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်အေးလေးမှ အမှာစကားပြောကြားရာ ကျောင်းသား/သူများ စိတ်ဓာတ်၊စည်းကမ်း၊ ပညာဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာကြရန်၊ အသိပညာ၊အတတ်ပညာ၊ဗဟုသုတများဖြင့် ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန် စာပေဖတ်ရှု‌လေ့လာကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားရာတွင် လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝ‌စေရန် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုဆွေးနွေးတတ်စေရန်၊ နှုတ်မှုစွမ်းရည်ကြွယ်‌ဝစေရန်နှင့်  အပြန်အလှန်ပူပေါင်းဆွေးနွေးတတ်သည့် စွမ်းရည်များမြင့်မားလာစေရန် လူငယ်စကားဝိုင်းကိုပြုလုပ်ပေးခြင်းဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် Grade-8 မှ မယှဉ်နှိုင်းမေက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ မောင်ဖုန်းပြည့်လျံက လူငယ်နှင့်ရိုးသားခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-5 မှ မမေသဒါကိုကလူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မောင်လင်းခန့်မောင်က လူငယ်နှင့်ပရဟိတခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ ဆွေးနွေးခဲ့မှုများအပေါ် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသားကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သောကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)