မင်းလှမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

အထက်မင်းလှ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ရေဘေးသင့်အိမ်ထောင်စုဝင်များအနက်မှ အိမ်ထောင်စု (၂၁၄) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ‌ ထောက်ပံ့ပစ္စည်းထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ရပ်ကွက်၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ညောင်ပင်သာအရှေ့ကျေးရွာ၊ ညောင်ပင်သာအနောက်ကျေးရွာ၊ မလွန်ကျေးရွာ၊ ပေတော(ကန္နား)ကျေးရွာများတွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မကွေးတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က တောင်ရပ်ကွက်မှရေဘေးသင့်အိမ်ထောင်စု (၅၄) စု၊ ရုံးရပ်ကွက်တောင်ပိုင်း အိမ်ထောင်စု (၄၀) စု၊ ညောင်ပင်သာအရှေ့‌ကျေးရွာမှ အိမ်ထောင်စု (၃၀) စု၊ ညောင်ပင်သာအနောက်ကျေးရွာမှ အိမ်ထောင်စု (၁၀) စု၊ မလွန်ကျေးရွာမှ အိမ်ထောင်စု (၄၀) စု၊ ပေတော (ကန္နား) ကျေးရွာမှ အိမ်ထောင်စု (၄၀) စု၊ စုစုပေါင်းရေဘေးသင့်အိမ်ထောင်စု (၂၁၄) စုတို့အား တစ်အိမ်ထောင်လျှင် မိုးကာ၊ ခြင်ထောင်၊ စောင်၊ အဝတ်အထည်၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများစသည့် ထောက်ပံ့ပစ္စည်း (၅) မျိုးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)