ထားဝယ်မြို့၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ထားဝယ်   စက်တင်ဘာ ၂၁

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကိုကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂါတ်နိုင်ငံတော်၏ အကောင်းအဆိုးသည်လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုတို့အပေါ်မှီတည်နေသောကြောင့် တိုင်းပြည်၏ အခန်းကဏ္ဍအားလုံးကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော် အနေဖြင့်လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ကျောင်းသူ/ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးတွင် အရင်းခံမူလဖြစ်သည့်ဉာဏဗလ(ပညာအား)ပြည့်စုံဖွံ့ဖြိုးရန် သင်ယူဆည်းပူးရင်းကျန်ရှိသောကာယဗလ (ကာယအား)၊ မိတ္တဗလ (မိတ်ဆွေအား)၊ ဘောဂဗလ (ပစ္စည်းဥစ္စာအား)၊ စာရိတ္တဗလ(ကိုယ်ကျင့်တရားအား)ဆိုသည့်အင်အားများ ပြည့်စုံကြပြီး အနာဂတ်နိုင်ငံတော်ကိုပိုမိုကောင်းမွန်သောမနက်ဖြန်များကို ပုံဖော်ဖန်တီးနိုင်စွမ်းရှိမည့်လူငယ်များအဖြစ် တင့်တယ်စွာ နေရာယူနိုင်ကြမည်ဖြစ်ကြောင်းပြောကြား သည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Modera- tor)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-9 ကျောင်းသား မောင်မျိုးခန့်အောင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသားမောင်ဇွဲလတ်ကျော်က  လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-9 ကျောင်းသူ မအိမြတ်ငြိမ်းပိုင်က လူငယ်နှင့်နည်းပညာ၊ Grade-9 ကျောင်းသူ မသင်းသော်တာလှိုင်က လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူး တင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)