ရေနံချောင်းမြို့၌  လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လက်မှတ်ကုန်းရပ်ကွက် သံကန်ကုန်း ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ လုံပတ်ခြောက်ပေခန့်ရှိ သစ်ပင်လဲကျမှုဖြစ်ပွား

ရေနံချောင်း စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ယမန်နေ့ညနေ ၇ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လက်မှတ်ကုန်းရပ်ကွက် သံကန်ကုန်းဘုန်းကြီးကျောင်းဝန်းအတွင်းရှိ လုံးပတ် ၆ ပေ၊ အရှည် ၉၀ ပေခန့်ရှိ ယင်းမာပင်မှာ မြေသားပျော့အိ၍ ကျောင်းဆောင်ပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ သစ်ပင်ကြီးမှာ လက်မှတ်ကုန်းရပ်ကွက် သံကန်ကုန်းဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ပေ ၄၀ ပတ်လည်၊ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ်ကျောင်းဆောင်ပေါ်သို့လဲကျခဲ့ရာ ၁၂ ပေသွပ် ၃၀ ချပ် ပျက်စီးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီး ဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များက ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်