ပုသိမ် စက်တင်ဘာ ၂၁
ရာဝတီတိုင်းဒေသကြီး “စဉ်ဆက်ပညာရေးလုပ်ငန်း” ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ပိုင်းကကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရ အဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များမှ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍအား အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပညာရေးဌာနအပြင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ရန် လိုပါကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းသည် ရည်ရွက်ချက်ကောင်းကောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ စာသင်သား ရွေးချယ်မှုသည်လည်း စနစ်တကျစိစစ်ရွေးချယ်ရန်လိုအပ် ပါကြောင်းနှင့် နည်းပြဆရာ၊ ဆရာမများကလည်း ထိထိရောက်ရောင်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက်များတွင် သုတ၊ ရသစာအုပ်စာစောင်များအပြင် နေ့စဉ်ထုတ် သတင်းစာများ စုံလင်စွာထားရှိပေးခြင်းဖြင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူမှုပြီးမြောက်ခဲ့သည့် တိုင်းရင်းသားပြည်သူများအတွက် စာပေဖတ်ရှုရာတွင် အထောက်အကူများပြုစေမည်ဖြစ်ပါကြောင်း၊ စာသင်သားများအား လုပ်ငန်းခွင်မပျက် စာသင်ကြားနိုင်ရေးအတွက်ကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုပါကြောင်းနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ စာသင်ဝိုင်းနေရာရွေးချယ်မှုနှင့် စာသင်သားရွေးချယ်မှုများကိုလည်း သေချာစိစစ်ရွေးချယ်ရန်လိုပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ စဉ်ဆက်ပညာရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုပါကြောင်းနှင့်အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း မိမိတို့၏အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက စဉ်ဆက်ပညာရေးလုပ်ငန်းဗဟိုကော်မတီ၊ တိုင်းဒေသကြီးကော်မတီဖွဲ့စည်းထားရှိမှုများ၊ စာသင်သား စာရင်းကောက်ယူခြင်းနှင့် စာသင်ဝိုင်းစုစည်းခြင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်း၏ နောက်ခံ သမိုင်းကြောင်း၊ စာသင်သား၊ စာသင်ဝိုင်း၊ နည်းပြနှင့်ကြီးကြပ် ဦးရေစာရင်း၊ ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့အစည်းများ၊ စဉ်ဆက်ပညာရေးနည်းပြ သင်တန်းတွင် ပို့ချဆွေးနွေးမည့် အကြောင်းအရာများ၊ စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက်ထားရှိမှု၊ စဉ်ဆက်ပညာရေးသင်ကြားချိန်နှင့် လုပ်ငန်းကာလများကို ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များမှ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ စဉ်ဆက်မပြတ် ပညာရေးလုပ်ငန်းတွင် နည်းပြနှင့်သင်တန်းသားလူဦးရေစာရင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စာသင်ဝိုင်းများဖွင့်လှစ်ထားရှိမှုများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဘိုကလေးမြို့နယ်များ၌ စာသင်သား ၄၉၆၁ဦး၊ စာသင်ဝိုင်း ၄၇၉ ဝိုင်း၊ နည်းပြ ၉၅၈ ဦးနှင့် ကြီးကြပ်သူ ၄၉ ဦးတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပုသိမ်မြို့၊ ပုသိမ်ရေကူးကန်ပွဲကြည့်စင်ပါ Indoor Stadium (၃၈၀ပေ×၁၄၀ပေ) မိုးလုံလေလုံအားကစားရုံ အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံအဝင်လမ်းများ သန့်ရှင်းမှုရှိစေရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့၊ ကန်သုံးဆင့် ကန်ပတ်လမ်း၊ ကန်သုံးဆင့်ပန်းခြံနှင့် လက်ရှိကန်ပတ်လမ်း တိုးချဲ့နေမှုများနှင့် စွန့်ပစ်ပလပ်စတစ်အသုံးပြု၍ ကာလာအုတ် ထုတ်လုပ်အသုံးပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ စွန့်ပစ် ပလတ်စတစ်အသုံးပြု၍ ကာလာအုတ် ထုတ်လုပ်မှုအဆင့်ဆင့်၊ စွန့်ပစ်ပလပ်စတစ်အသုံးပြု ခြင်းဖြစ်၍ ပလပ်စတစ်ဆိုင်ရာပတ်ဝန်းကျင်ထိခိုက်မှုအား လျော့ချနိုင်မည့်အပြင် ကုန်ကျစရိတ်သက်သာစွာဖြင့် ကာလာအုတ်ထုတ်လုပ်နိုင်မှုအခြေအနေများ အားရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းခြံနှင့် ကန်ပတ်လမ်းတစ်လျောက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊ မြက်ပင်များရှင်းလင်းစေရေး၊ ကန်သုံးဆင့်ပန်းခြံအတွင်း ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးရေး၊ စိမ်လမ်းစိုပြေရေး၊ ကန်ပတ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းအား သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် စွန့်ပစ်ပလပ်စတစ်အသုံးပြု၍ ကာလာ အုတ် ထုတ်လုပ်ခြင်းအား စက်ပစ္စည်းကိရိယာများအသုံးပြု၍ ပိုမိုထုတ်လုပ်နိုင်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)