ပခုက္ကူ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ အမှတ်(၃)အခြေခံအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက“လူငယ်နှင့်အောင်မြင်ရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က “စာပေအဖုံဖုံ သုတစုံဖတ်မှတ် ဘယ်မကုန်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “မိမိ၏အနာဂတ်သည် မိမိလက်ဝယ်၌သာရှိသည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမမြမှူးသခင်က “အနာဂတ်ကမ္ဘာလှပဖို့စာဖတ်ကြပါစို့”ခေါင်းစဉ်ဖြင့်ကောင်း ဆွေးနွေးဟောပြောကြသည်။
ထို့နောက် ပခုက္ကူမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဇော်မင်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)