ထားဝယ် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်ကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံတိုင်းရင်းသားများအား ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိ ပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက သန်းခေါင်စာရင်း ကောက်ယူရသည့်အဓိကရည်ရွယ်ချက်အနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာစာရင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိနိုင်မှာဖြစ်ပြီး မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကိုချမှတ်နိုင်မှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအနေဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ခိုင်လုံသော အခြေခံစာရင်း၊ ကိန်းဂဏန်းများ ရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင်ပိုမိုတိကျမှုရှိအောင် တွက်ချက်ပေးနိုင်ခြင်း၊ လူမှုရေး၊စီပွားရေးနှင့်အခြားစစ်တမ်းများ အတွက်အခြေခံစာရင်းများရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်စာရင်းအတွက် ခန့်မှန်းရရှိနိုင်ခြင်း၊ လူဦးရေပျံ့နှံ့မှုကို သိရှိနိုင်ခြင်းနှင့် နိုင်ငံသား၊ နိုင်ငံခြားသား စိစစ်ခွဲခြားသိရှိနိုင်မှာဖြစ်ပြီး နိုင်ငံတော်၏ လူဦးရေမူဝါဒရေးဆွဲရေးတွင် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ဘာသာ စကားကိုသာ အသုံးပြုသောဒေသများတွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့နားလည်တဲ့ဘာသာစကားဖြင့် မေးခွန်းများ မေးမြန်းကောက်ယူနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမ (Teaching Assistant- TA) နှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ(Language Teacher - LT) တို့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလို ကြောင်း၊ မိမိတို့၏ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသောဒေသခံတိုင်းရင်းသားများက သိရှိလိုသည်များကိုမေးမြန်းရာ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားပြီး ထားဝယ်ခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်း ရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးသက်စိုးက သန်းခေါင်စာရင်းကောက်ယူရေး အသုံးအဆောင်ပစ္စည်းများပေးအပ်ရာ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)