စကုမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မင်းဘူး စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားတွင် စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အ.မ.က(ကျောင်းရွာ)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ပန်းများရောင်စုံ”၊ “ဖန်ခါးမြေမှဖိတ်ခေါ်သံ”၊ “မြန်မာ့ကျောင်း”၊ “ရှမ်းရိုးမ” “အ”အက္ခရာအောင်စေ၊ “မြန်မာအမျိုးသမီးများအလှ” သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး စာပေဆိုင်ရာပြိုင်ပွဲများအဖြစ် ထည့်သွင်းကျင်းပသည့် အခြေခံပညာ (ထက်၊ လယ်၊ မူ)အဆင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောနှင့် စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများနှင့် သီဆိုဖျော်ဖြေရေးအဖွဲ့များကို မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို စကုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါပွဲတော်တွင် အခြေခံပညာ(ထက်၊ လယ်၊ မူ)အဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ၊ စာဖတ်ဝိုင်း၊ ကျောင်းစာကြည့်တိုက်၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းသိပ္ပံပြခန်းနှင့် လက်မှုပြခန်း၊ ရှေးခေတ်ပျူအသုံးအဆောင်ပစ္စည်းများ ပြခန်း၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံပြခန်း(မကွေး)နှင့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်ဆိုင်များ၊ အ.လ.က(ကံသစ်)အိုးစည်တီးဝိုင်းနှင့် ဂိမ်းကစား ပြိုင်ပွဲများဖြစ်သည့် စက်ဝိုင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ကွန်ပျူတာဉာဏ်စမ်း၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ ခါးကွင်းလှည့်၊ ဆန်ကောရွက် စသည့် ဂိမ်းကစားနည်း ပြိုင်ပွဲမျိုးစုံကို ထည့်သွင်းကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး ကြိတ်ကြိတ်တိုး အထူးစည်ကားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များကို စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည့်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကြီးကို မကွေးတိုင်းဒေသကြီးအတွင်း၌ (၁၀)ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ယခုအခါ (၄)ကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)