ပွင့်ဖြူမြို့နယ် သူဌေးတန်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေး

ပွင့်ဖြူ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်းဇောင်းကျေးရွာအုပ်စု၊ သူဌေးတန်းကျေးရွာ၌ (VRFP)စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်မွန်မွန်အောင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကော်မတီဝင်များနှင့် အသင်းသား၊ အသင်းသူများကိုတွေ့ဆုံကာ (VRFP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စီမံကိန်းလုပ်ငန်းအကြောင်းအရာများ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စီမံကိန်းမူဘောင်များနှင့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံ အသင်းသား၊ အသင်းသူဦးရေ စုစုပေါင်း ၁၅၀ ဦးအတွက် စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေကျပ် ၃၆ သန်းကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက သူဌေးတန်းကျေးရွာ၌ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဉ္စမအကြိမ်စီမံကိန်းချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးတင်ပြကာ စီမံကိန်းအသင်းသား၊ အသင်းသူ ၁၅၀ ဦးကို ရန်ပုံငွေ ကျပ် ၃၆ သန်းအား စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )