ရေနံချောင်း စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယမန်နေ့ညနေ ၇ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့မမြောက်ရပ်ကွက်၊ တွင်းကုန်းရပ်ကွက်နှင့် ညောင်လှရပ်ကွက်များတွင် မြေသားပျော့အိ၍ သစ်ပင်လဲကျမှုများ ဖြစ်ပွာခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မြို့မမြောက်ရပ်ကွက် ကမ်းပါးခြေရပ်ရှိ လုံးပတ် ၃ ပေ၊ အရှည် ၄၀ ပေရှိ ကန္တာရပင် လဲကျခြင်းနှင့် တွင်းကုန်းရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းမကြီး ပေါ်သို့ လုံးပတ် ၂ ပေခွဲခန့်၊ အရှည် ၃၅ ပေခန့်ရှိ ကန္တာရပင် အမြစ်လန်လဲကျခြင်းတို့ကြောင့် ယာယီလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းနှင့် ညောင်လှရပ်ကွက် အ.ထ.က(၃)ကျောင်းရှေ့ရှိ လုံးပတ် ၂ ပေ၊ အရှည် ၈၀ ပေရှိ ယင်းမာပင်နှင့် လုံးပတ် ၁ ပေခွဲ၊ အရှည် ၅၀ ပေရှိ မယ်ဇလီပင်မှာ လမ်းမကြီးဘက်သို့ လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ သစ်ပင်များလဲကျမှုကြောင့် လမ်းသွားလမ်းလာပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လူ၊ တိရိစ္ဆာန်များနှင့် အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်