စစ်ကိုင်း စက်တင်ဘာ ၂၀
စစ်ကိုင်းမြို့ အ.ထ.က(ရွှေမင်းဝံ)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က(ရွှေမင်းဝံ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းတိုင်းပွင့်စေ”သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး “နိုင်ငံ့အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုး တက်စေရမည်” Video Clip အားပြသခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က အခမ်းအနားကျင်းပရ ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကပြည်သူများ စာဖတ်ရှိန်မြှင်တင်ရေးနှင့်စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ပြည်သူများအသိပညာ၊ ဗဟုသုတများရရှိစေရန် ကိုယ်တိုင်စာဖတ်သည့်အလေ့အကျင့်ကောင်းများ ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များနှင့် စာကြည့်တိုက်များကို အသုံးချလေ့လာဖတ်ရှုခြင်းဖြင့် ပညာပြည့်ဝနှလုံးလှစေမှာဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အတူ စာတတ်သူတိုင်း စာဖတ်ကြစေရေးအတွက် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(ရွှေမင်းဝံ) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ထိန်းသိမ်းစို့လေ စာပေအမွေ” သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ယခုကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံးပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲများနှင့် စာအုပ်/ စာစောင်ပြပွဲကို ထည့် သွင်းကျင်းပခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)