လှိုင်းဘွဲမြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၈)စုအတွက် ထောက်ပံ့ငွေပေးအပ်

လှိုင်းဘွဲ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် ရွှေဂွန်းကျေးရွာ အိမ်ထောင်စု(၈)စုအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာရှိ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၀၅၀)စင်တီမီတာရှိပြီး စက်တင်ဘာလ(၁၄)ရက်နေ့တွင် စိုးရိမ်ရေအမှတ်အထက်(၁၂၈၀)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် သံလွင်မြစ်ကမ်းပါးနားရှိ ရွှေဂွန်းကျေးရွာ စံပြအေးရပ်ကွက် နှင့် ရွာသစ်(၁)ရပ်ကွက်တို့တွင် နေအိမ်(၈)လုံး ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် ရွှေဂွန်းကျေးရွာ စံပြအေးရပ်ကွက်နှင့်ရွာသစ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၅၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၁၀)သိန်း၊ ဆန်ရိက္ခာ(၇)ရက်စာအတွက် ထောက်ပံ့ငွေ (၁၁၉၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၁၉၇၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီတို့က ကမ်းပါးပြိုဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)