လှိုင်းဘွဲမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဥပဒေနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသူကျောင်းသူများ စာပေဗဟုသုတတိုးပွားလာရေး၊ ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ဖြစ်လာစေရေး၊ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် လူကုန်ကူးမှုအန္တရာယ်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအန္တရာယ် များ၊ အမျိုးအစားများ၊ သုံးစွဲသူများ၏ စရိုက်လက္ခဏာများ၊ မူးယစ်ဆေးဝါးဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်လှပဖို့အတွက် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကရင်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ထုတ်ဝေသော ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူကူညီစို့ ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ အခြေခံမူ၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများ၊  ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့် လုပ်ငန်းများ၊ နည်းလမ်းများ၊ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။        

မြို့နယ်( ပြန်/ဆက်)