ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်

ငဖဲ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ငဖဲမြို့နယ် သန်းခေါင်စာရင်းကော်မတီအတွင်းအရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးပွားမောင်က ဦးဆောင်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ နည်းပြ (၃)ဦးက သန်းခေါင်စာရင်းဆိုင်ရာအဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ အပြန်အလှန်ဆွေးနွေးခြင်း၊ စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများ၊ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ၊ ပ‌ဟေဠိအမေးအဖြေများနှင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းသား/သူ ဆရာ၊ ဆရာမ (၃၉)ဦးအား လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် ငဖဲမြို့နယ်အတွင်း ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကောက်ကွက်ပေါင်း ၁၀၃ ကွက်တို့၌ စာရင်းစစ် ၉ ဦး၊ စာရင်းကောက် ၃၃ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)