မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၁၀ နာရီတွင် ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၆ ဒသမ ၃၀ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ (၁ ဒသမ ​၃ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၇၀ ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ( ၁ ဒသမ ၇ ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀ပေ) ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၆၀ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ (၂ ဒသမ ၁ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ဆက်စပ် အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်း တစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ကာ ဆည်အနီးနှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် အ​ရေးပေါ် အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)