ညောင်တုန်းမြို့၊ ရေဝိုင်းပိုင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

ညောင်တုန်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို၊ အမှတ် (၄) ရပ်ကွက်ရှိ ရေဝိုင်းပိုင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရေဝိုင်းပိုင်း အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာပေဖတ်သည့်အလေ့အထကောင်းများရရှိစေရေးနှင့် စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများ၊ လိမ္မာ ယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အခြေခံအားကစားနည်းစနစ်များကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)