မြိတ် စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား (၂၀၂၄) ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအကြောင်း အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အခွန်ပညာပေးရှင်းလင်းရာတွင် မြိတ်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးထက်နေဟိဏ်းက ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် (၅၄/၂၀၂၄)အရ ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်းကို အောက်တိုဘာ(၁)ရက်မှ စတင်၍ ပေးဆောင်ကြရမည်ဖြစ်ကြောင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ လုပ်ငန်းရှင်များ၏ တာဝန်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသည့် ရွှေဆိုင်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများအား အခွန်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိခြင်းဖြင့် နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)