အ.ထ.က(မိုးညို)၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေး

မိုးညို စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော‌ဆွေးနွေး ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကြည်လင်က အခြေခံပညာအထက်တန်းအဆင့် တက်ရောက် နေသော ကျောင်းသား/သူများသည် လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ် ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပြဌာန်းချက်များတွင်ပါဝင်သော ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာသိသင့်သိထိုက်သည်များကို အသိပညာပေးခြင်းဖြစ်သည့်အတွက် ကျောင်းသား/ သူများအနေဖြင့် သေချာစွာမှတ်သားကြရန်အမှာစကားပြောကြားသည်။

ဆက်လက်၍ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က မြန်မာနိုင်ငံတွင်ကျင်းပခဲ့သောရွေးကောက်ပွဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေများ၊ နိုင်ငံတော်အခြေခံမူများထဲမှ သိသင့်သိထိုက်သည်များ၊ နိုင်ငံသားများ၏မူလ အခွင့်အရေးနှင့်တာဝန်များ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေများနှင့် စီမံခန့်ခွဲသောလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲနှင့် ပထမအကြိမ်မဲပေးကြမည့် လူငယ်များ အခန်းကဏ္ဍ စသည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် အ.ထ.က(မိုးညို)၊ အ.ထ.က(တောင်ဇင်း)၊ အ.ထ.က(ခွဲ)ရွှေခဲ၊ အ.ထ.က(စပါယ်မျှောင်)တို့မှ Grade-12 ကျောင်းသား/သူ ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)