မြန်အောင်မြို့နယ် အ.ထ.က လက်ပံကွင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြန်အောင် စက်တင်ဘာ ၁၉

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး လူရည်ချွန် မောင်မယ်များဖြစ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က လက်ပံကွင်း ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းအခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၂) ဦးမြင့်နိုင်က လူငယ်များစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော် အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာပြီး ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်ရန် ကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် အ.ထ.က လက်ပံကွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနန္ဒာစိုးနှင့်ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းတို့ဦးဆောင်၍ (Grade-11)မှ မောင်ဝေလျှံအောင်က လူငယ်နှင့် နည်းပညာ(Grade-10)မှ မောင်မျိုးမြင့်ကျော်က လူငယ်နှင့်အားကစား၊ (Grade-9)မှ မမော်မော်ခင်က လူငယ်နှင့်ယဥ်ကျေးမှု (Grade-8)မှ မိုင်ဘက်တိုးရီးယားက လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနန္ဒာစိုးကကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးသည်။   

ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူများ၏ အခွင့်အရေးများ အကြောင်းအသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝင်းဗိုလ်(မြန်အောင်)