လက်ပံတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.ထ.က ညောင်ဝိုင်းနှင့် အ.မ.က ခွေးသေကုန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းမှ "ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေဖတ်ကြစို့ " ခေါင်းစဉ်ဖြင့်  ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ဘေးအန္တရာယ်ဖြစ်ပွားပါက လိုက်နာဆောင်ရွက်သင့်သည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်စုဝေနှင်းက ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြားပြဇာတ်၊ ရုပ်ပုံပြဇာတ်များပြသခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်