ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး စက်တက်ဘာ ၁၉

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု စာရင်းဇယားစနစ်တကျ ပြုစုထားရမှာဖြစ်ကြောင်း၊ နေ့စဉ်သတ်မှတ်ထားသည့် အချိန်နာရီအလိုက် မြစ်ရေဝင်ရောက်မှုနှင့် ပြန်လည်ကျဆင်းမှုအခြေအနေများ၊ ကယ်ဆယ်ရေးစခန်းအလိုက် နေ့စဉ်သန့်ရှင်းစွာချက်ပြုတ် ကျွေးမွေးလျက်ရှိမှုအပေါ် လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အခြေခံပညာကျောင်းများသည် ရေတာရှည်မြိုနယ်တွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ တစ်ကျောင်းရေကျ တစ်ကျောင်းပြန်ဖွင့်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေဝင်ရောက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအား ကျောင်းရှိသံဃာအလိုက် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားစားသုံးဖွယ်ရာများ ဆက်ကပ်လှူဒါန်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြင်ပအလှူရှင်များ လာရောက်ပါက လိုအပ်သည့်နေရာတွင် စနစ်တကျ လှူဒါန်းနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်ပေးသွားရန်နှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ရေကျော်သည့်နေရာအစား အခြားလမ်းလွှဲမှ မောင်းနှင်သွားလာနိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ရေကျသွားသည့် လယ်မြေများတွင် ချက်ခြင်းပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စစ်တောင်းမြစ်တစ်လျှောက်ရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း၊ ရေကင်းချခြင်းများကိုလည်း ကြီးကြပ်စစ်ဆေးရန်နှင့် ရေထပ်မံဝင်ရောက်နိုင်သည့် ရပ်ကွက်/ ကျေးရွာများအား ကြိုတင်ပြောင်းရွှေ့ခြင်းအပြင် မိုးလေဝသ သတင်းကြေငြာချက်များအား အများပြည်သူ သိရှိနိုင်စေရေး အသိပေးခြင်းများအပြင် ရေကြီးရေလျှံမှုကို အကြောင်းပြု၍ အခြေခံစားသုံးကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စစ်ဆေးကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ရပ်ကွက်/ကျေးရွာအလိုက် စစ်တောင်းမြစ်ရေဝင်ရောက်မှုနှင့် ကျဆင်းမှုအခြေအနေ၊ လူနှင့် ကျွဲ/နွား သေဆုံးမှု အခြေအနေ၊ လမ်း/တံတားပျက်စီးမှုအခြေအနေ၊ လျှပ်စစ်မီးတိုင်ထိခိုက်မှုအခြေအနေ၊ အခြေခံပညာစာသင်ကျောင်းများ ရေဝင်ရောက်မှုအခြေအနေ၊ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်မှု၍ နေ့စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ချက်ပြုတ်ကျွေးမွေးနေမှု အခြေအနေများနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)