ကြံခင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း (ရေနံတောင်)တွင်ကျင်းပ

ကြံခင်း စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယ​နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာရေနံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးကျော်ဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပရိတ်သတ်များ ရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း​ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ် ဆောင်ရွက်ကာ Grade-9 ကျောင်းသား မောင်ဇန္နဝါဉီးက “လူငယ်နှင့်အင်တာနက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်လမင်းသန့်က“လူငယ်နှင့်ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ​ကျောင်းသူ မဇင်ဇင်ဖြိုးက လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မမဉ္ဇူအောင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုမှတ်သားထားသော အတွေးအခေါ်များကို မျှဝေဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြား ကြသည်။ ထို့နောက်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မေးမြန်းဆွေးနွေးကြသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်တို့က အမှတ်တရ ဂုဏ်​ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)