ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ဘားအံ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပင်ပဓာနမထားပဲ တာဝန်ထမ်းဆောင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းခြင်းသည် ပဉ္စစမအကြိမ်မြောက်ဖြစ်ပြီး အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များကို ထပ်မံနှိုးဆော်၍ အခါအားလျော်စွာ ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၇၁၈၈၃၅၀ဝိ/-(ခုနှစ်ရာတစ်ဆယ့်ရှစ်သိန်းရှစ်သောင်းသုံးထောင်ငါးရာ)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ထံ ထောက်ပံ့ပေးအပ်ပြီး လှူဒါန်းပေးကြသော ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ထောက်ပံ့ပေးအပ်ရာတွင် ငါးပိကြော်၊ ငါးခြောက်ကြော်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက်၊ ကြက်မောက်စည်သွပ်ဘူး၊ အုန်းစိမ်းဘူး၊ ငါးသေတ္တာ အစရှိသော စားသောက်ဖွယ်ရာများကို ဝန်ထမ်းများကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)