ဟားခါး စက်တင်ဘာ ၁၉
ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကို စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မုန်တိုင်းနှင့် ဆက်စပ်သည့် သဘာဝဘေးများဖြစ်သော ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပွားရန် အလားအလာရှိသည့်အတွက် ယခုကဲ့သို့ အစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ ပထဝီအနေအထားအရ မြေပြို၊ တောင်ပြိုသည့်ဖြစ်စဉ်များ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် သဘာဝဘေးနှင့်ပတ်သက် သည့် ကနဦးသတင်းရယူရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုကြောင်း ၊ ထိခိုက်ပျက်စီးမှု သတင်းအချက်အလက် မှန်ကန်စွာသိရှိမှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာများလည်းပါဝင်နေကြောင်း၊ ပြည်နယ်အတွင်းရှိနေသည့် ဖွဲ့စည်းမှု၊ ရန်ပုံငွေနှင့် ကျွမ်းကျင်သည့်စီမံခန့်ခွဲမှုများဖြင့် ရင်ဆိုင်ကျော်လွှားသွားမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြား သည်။
ထို့နောက် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် တွဲဖက်အတွင်းရေးမှူး၊ ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆန်ကုန်းတို့က ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ အစီအမံများနှင့် လက်ရှိ ချင်းပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)