ပြည် စက်တင်ဘာ ၁၉
ပြည်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုသဘာဝဘေးကြောင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာနှစ်ခုရှိ လူနေအိမ်(၃)လုံးသစ်ပင်ပြိုလဲ၍ ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးဖြစ်ပွားမှုကြောင့် ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဂန္ဓမာရပ်၊ ၆ လမ်းသွယ်ရှိ" စိတ္တသုခဦး "ကြားတောရဘုန်းကြီးကျောင်းဝင်းအတွင်းမှ သစ်ပင်ကြီး(၂)ပင်၊ ပင်ခြေမှအမြစ်ပွင့်လဲကျကာ တစ်ဖက်ခြံဝင်းရှိ ဦးထွန်းသိန်း၏ နေအိမ်ခေါင်မိုးပေါ်သို့ ပြိုကျခဲ့၍
အိမ်ခေါင်မိုးသွပ်များ၊ ဘေးအကာသွပ်များနှင့်ကျောက်ပြားအကာများပျက်စီးခဲ့ပြီး ၎င်းအိမ်ချင်းကပ်ရှိ ဦးစိုးပိုင်ဦး၏ နေအိမ်ခေါင်မိုးသွပ်ပြားအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရိစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြည်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၌လည်း လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်မနီနှင့် မိသားစုဝင်ပေါင်း(၄)ဦးနေထိုင်သည့် သွပ်မိုး/ထရံကာ သုံးပင်နေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုလဲမှုဖြစ်ပွားခဲ့ပြီး ၎င်းနေအိမ်အရှေ့ခြမ်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ သဘာဝဘေးဖြစ်ပွားခဲ့သည့်နေရာများသို့ တာဝန်ရှိသူများဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် အရပ်ဘက်ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ သစ်ပင်/သစ်ကိုင်းများခုတ်ထွင်းရှင်းလင်းပေးခြင်း၊ လျှပ်စစ်မီးကြိုးများ အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သောကူညီကယ်ဆယ်စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
ကိုဆက်(ပြန်/ဆက်)