မြိတ်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးနှိုးဆော်

မြိတ် စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် လျှပ်တပြတ်ရေကြီးခြင်း၊ တောင်ပြို မြေပြို ခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ပြည်သူများအား အသိပေးနှိုးဆော်ရာ၌ ရေဘေးအန္တရာယ်ဖြစ်ပွားရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကို မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လူစည်ကားရာနေရာများ၊ လမ်းဆုံများ၊ ဈေးများနှင့် ကမ်းနားလမ်းတို့တွင် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦး ဦးဆောင်၍ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ စုပေါင်း၍ မော်တော်ယာဉ်များဖြင့် လိုက်လံ၍ အသိပေးနှိုးဆော်ခဲ့ကြပြီး လမ်းသွားလမ်းလာများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ထို့အတူ မြိတ်မြို့ မီးသတ်စခန်း၌ ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်၊ လူနာတင်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းမျိုးစုံနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ကို အရန်သင့်စုဖွဲ့ထား ရှိသည်။ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်ကြောင့် ယခုရက်ပိုင်းအတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)